ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 11:1-13 Judson Bible (BJB)

1. တရံရောအခါ ကိုယ်တော်သည် တစုံတခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင်၊ တပည့်တော်တယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှါ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊

2. ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။

3. အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ။

4. အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ်သည်လွှတ်သောကြောင့်၊ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။

5. တဖန်မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့သွားပြီးလျှင်၊ အဆွေ၊

6. အကျွန်ုပ်အဆွခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေးနှင့် ပါဟုဆိုသော်၊

7. အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ရှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊

8. ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကို ပေးလိမ့်မည်။

9. တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။

10. တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။

11. သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော့။

12. ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။

13. သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 11