ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 1:33-47 Judson Bible (BJB)

33. ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟုပြောဆို၏။

34. မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။

35. ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။

36. ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခုခြောက်လအဝင်ရှိပြီ။

37. ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊

38. မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။

39. ထိုအခါမာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင်၊

40. ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။

41. ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည်ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊

42. သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသောမင်္ဂလာရှိ၏။

43. အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။

44. သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသောစိတ်နှင့်ခုန်၏။

45. ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။

46. မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။

47. ငါ့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 1