ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 1:13-30 Judson Bible (BJB)

13. ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသောပဌနာကိုနာခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရ မည်။

14. သင်သည်ဝမ်းသာရွင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည်။

15. အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည် နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။

16. ဣသရေလအမျိုးသား အမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။

17. အဘတို့နှင့် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှါ ပြင်ဆင်သောလူမျိုးဖြစ်စေ ခြင်းငှါ ၎င်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို၏။

18. ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူအိုဖြစ်ပါ၏။ အကျွန်ုပ်မထားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊

19. ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသောဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူ၏။

20. သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မှီနေ့တိုင်အောင် စကားမပြောနိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။

21. လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကိုအံ့ဩခြင်းရှိကြ၏။

22. သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရှုပါရုံကို မြင်ပြီဟု ရိပ်မိကြ၏။ ဇာခရိသည်သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။

23. ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါ၊ ဇာခရိသည် မိမိအိမ်သို့ သွားလေ၏။

24. ထိုနောက်သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍၊

25. ငါသည်လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကို ကြည့်ရှု တော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။

26. ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့်၍၊

27. မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေလွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။

28. ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏။

29. မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။

30. ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 1