ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 8:5-17 Judson Bible (BJB)

5. ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။

6. ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ၊ စုံစမ်းနှောက်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။

7. ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊

8. တဖန်အောက်သို့ငုံ့၍ မြေ၌ ရေးသားတော်မူပြန်၏၊

9. ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှ စ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက်တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည်အလယ်၌ရပ်နေ၏။

10. ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကိုအဘယ်သူမျှမစီရင်လော ဟုမေးတော်မူ၏။

11. ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။

12. တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။

13. ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။

14. ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည်အဘယ်အရပ်က လာသည်ကို၎င်း၊ အဘယ်အရပ်သို့သွားသည်ကို၎င်း ငါသိ၏။ သင်တို့မူကားမသိကြ။

15. သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါ့မူကား အဘယ်သူကိုမျှမစီရင်။

16. ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။

17. သက်သေခံနှစ်ဦးတို့၏စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌လာ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 8