ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 8:10-27 Judson Bible (BJB)

10. ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကိုအဘယ်သူမျှမစီရင်လော ဟုမေးတော်မူ၏။

11. ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။

12. တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။

13. ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။

14. ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည်အဘယ်အရပ်က လာသည်ကို၎င်း၊ အဘယ်အရပ်သို့သွားသည်ကို၎င်း ငါသိ၏။ သင်တို့မူကားမသိကြ။

15. သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါ့မူကား အဘယ်သူကိုမျှမစီရင်။

16. ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။

17. သက်သေခံနှစ်ဦးတို့၏စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌လာ၏။

18. ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။

19. ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုအသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။

20. ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန်မစေ့မရောက်သေးသောကြောင့် အဘယ်သူကိုမျှ ကိုယ်တော်ကိုမဘမ်းဆီးကြ။

21. တဖန်ယေရှုက၊ ငါသည်သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ၏။

22. ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟုသူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။

23. ယေရှုကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်ကြ၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။

24. ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟုငါဆို၏။ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။

25. ထိုသူတို့ကလည်း။ သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။

26. သင်တို့အမှု၌ ငါပြောဆိုစီရင်စရာများစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်သောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။

27. ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိတ်မိကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 8