ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 3:4-17 Judson Bible (BJB)

4. နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။

5. ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။

6. ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။

7. ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။

8. လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။

9. နိကောဒင်ကလည်း၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊

10. တဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိသလော။

11. ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။

12. မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း။

13. ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။

14. မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။

15. အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။

16. ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။

17. လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 3