37. ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။
38. ပရောဖက်ဟေရှာယဟောဘူးသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သိတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည်အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။
39. တဖန်ပရောဖက်ရှောယဟောပြန်သည်ကား၊
40. သူတို့မျက်စိမမြင်၊ စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည်တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့ စိတ်နှလုံးကိုမိုက်စေတော်မူ၏ဟူသော စကားကြောင့် ထိုသူတို့သည်ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။
41. ဟေရှယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။
42. သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားစရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။
43. အကြောင်းမူကား၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ၍နှစ်သက်ကြ၏။
44. ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူကိုယုံကြည်၏။
45. ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။
46. ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှါ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ ကြွလာပြီ။
47. ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။
48. ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။
49. အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်၊ ငါ့ကို စေလွှတ်သောခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။
50. ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။