25. မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။
26. ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြောက် တော်မူလတံ့။
27. ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန်မှစ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။
28. အိုအဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။
29. ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။
30. ယေရှုက၊ ထိုစကားသံသည် ငါအဘို့အလိုငှါ လာသည်မဟုတ်၊ သင်တို့အဘို့အလို့ငှါလာ၏။
31. ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။
32. ငါသည်လည်းမြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင်။ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။
33. ထိုသို့ မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။
34. လူများတို့ကလည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ်တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည်မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည် အဘယ်သို့ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ၏။
35. ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့မှီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့မိမိသွားသည်ကိုမိမိမသိ။
36. အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှါ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။
37. ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။
38. ပရောဖက်ဟေရှာယဟောဘူးသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သိတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည်အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။
39. တဖန်ပရောဖက်ရှောယဟောပြန်သည်ကား၊
40. သူတို့မျက်စိမမြင်၊ စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည်တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့ စိတ်နှလုံးကိုမိုက်စေတော်မူ၏ဟူသော စကားကြောင့် ထိုသူတို့သည်ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။
41. ဟေရှယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။
42. သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားစရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။