ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 9:8-22 Judson Bible (BJB)

8. ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင်၊ မိမိတို့နှင့်အတူ ယေရှုတယောက်တည်းမှတပါး အဘယ်သူကိုမျှ မမြင်ကြ။

9. တောင်ပေါ်မှာ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မှီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။

10. တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။

11. ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊

12. ကိုယ်တော်က၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ၏။

13. ငါဆိုသည်ကား၊ ဧလိယသည် ရောက်လေပြီ။ သူ၏အကြောင်းကို ကျမ်းစာရေးထားသည်အတိုင်း လူများသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ၏။

14. တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသောလူအစုအဝေးသည် သူတို့ကို ဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။

15. စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်း အံ့ဩမိန်းမောခြင်းရှိလျက် အထံတော်သို့ ပြေး၍ နှုတ်ဆက်ကြ၏။

16. ကိုယ်တော်ကလည်း၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာတို့ကို မေးတော်မူလျှင်၊

17. လူအစုအဝေး၌ပါသော သူတယောက်က၊ အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။

18. နတ်သည် ဘမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာ လှဲ၍၊ သူသည်လည်း ခံတွင်းမှ အမြှုတ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်ခြောက်လျက်နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်သော်၊

19. ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံးနေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူသည်အတိုင်း၊

20. ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းသူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုတ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။

21. ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။

22. သူငယ်ကို သေစေခြင်းငှါ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ကယ်တော်မူပါဟု လျှောက်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 9