ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 8:27-38 Judson Bible (BJB)

27. ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊

28. လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က ဧလိယဖြစ်သည် ဟူ၍၎င်း၊ အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊

29. သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။

30. ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှါ တပည့်တော်တို့ကို ပညတ်တော်မူ၏။

31. ထိုမှတပါး၊ လူသားသည်များစွာ ခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်းခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။

32. ထိုသို့အတည့်အလင်းပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ်တင်သောစကားကို လျှောက်သော်၊

33. ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကိုကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟူ၍ ပေတရုကို ဆုံးမတော်မူ၏။

34. ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။

35. အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။

36. လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။

37. မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။

38. မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏။ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 8