ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 7:17-31 Judson Bible (BJB)

17. လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။

18. ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက်နေသလော။ လူပြင်မှလာ၍ လူအတွင်းသို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။

19. ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။

20. လူအတွင်းမှထွက်သော အရာမူကား၊ လူကို ညစ်ညူးစေသောအရာဖြစ်၏။

21. လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူအသက်ကို သတ်ခြင်း၊

22. သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစုခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊

23. ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။

24. ကိုယ်တော်သည် ထိုအရပ်မှထ၍ တုရုမြို့နှင့် ဖိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူပြီးလျှင် အိမ်သို့ ဝင်၍ အဘယ်သူမျှ မသိစေခြင်းငှါ အလိုတော်ရှိသော်လည်း ပုန်းရှောင်၍ နေတော်မမူနိုင်။

25. အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသော မိန်းမငယ်၏ အမိသည် သိတင်းတော်ကို ကြားသဖြင့်၊

26. မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ်ပြည်သူ ဖြစ်သတည်း။

27. ယေရှုကလည်း၊ ရှေးဦးစွာ သားများကို ဝစွာကျွေးပါရစေ။ သား၏ အစာကို ယူ၍ ခွေးအားမပေး မချအပ်ဟု မိန့်တော်မူ၏။

28. မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍ လျှောက်လျှင်၊

29. ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့်တော်မူ၏။

30. ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုးထွက်သွားသည်ကို၎င်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက်ရှိသည်ကို၎င်း တွေ့၏။

31. တဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို ရှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 7