ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 7:1-13 Judson Bible (BJB)

1. ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှရောက်လာသော ကျမ်းပြုဆရာအချို့တို့သည် အထံတော်၌ စုဝေး၍၊

2. တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစားသည်ကိုမြင်လျှင် အပြစ်တင်ကြ၏။

3. အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူ အပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။

4. ဈေးမှ ပြန်လာသောအခါ၌လည်း ဆေးခြင်းမပြုဘဲစားလေ့မရှိ။ ထိုမှတပါး၊ ခွက်၊ ဖလား၊ ကြေးဝါ ပုကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ ကျင့်လေ့ရှိ၏။

5. ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏ တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ညူးသောလက်နှင့် အစာစားကြပါသနည်းဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊

6. ဟေရှာယသည် လျှို့ဝှက်သော သင်တို့ကိုရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေ ကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။

7. လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။

8. အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။

9. သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။

10. မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။

11. သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏။

12. ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊

13. မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 7