ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 6:11-23 Judson Bible (BJB)

11. အကြင်သူတို့သည် သင်တို့ကို လက်မခံ၊ သင်တို့ ၏ စကားကိုနားမထောင်ဘဲနေ၏။ ထိုသူတို့နေရာ အရပ်မှ ထွက်သွားစဉ်၊ သူတို့တဘက်၌သက်သေဖြစ်စေခြင်းငှါ သင်တို့၏ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ခံရလတံ့ဟု မိန့်တော်မူ၏။

12. တပည့်တော်တို့သည် ထွက်သွား၍ နောင်တတရားကိုဟောကြ၏။

13. နတ်ဆိုးများကို နှင်ထုတ်ကြ၏။ မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး၍ အနာကို ငြိမ်းစေကြ၏။

14. ထိုအခါ သိတင်းတော်ကျော်စောသည်ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံဆရာယောဟန်သည် သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို၏။

15. လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။

16. ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ၏။

17. အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်းကြောင့် စေလွှတ်၍ ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ၏။

18. အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အား ဆိုလေပြီ။

19. ထိုကြောင့်၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှါအလိုရှိ၏။

20. သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမူအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက် သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။

21. ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊

22. ဟေရောဒိ၏သမီးသည် ဝင်၍ ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဘော်တို့အား နူးညွတ်သောစိတ်ကိုဖြစ်စေ၏။ ထိုအခါ မင်းကြီးက၊ သင်သည် အလိုရှိသမျှကို တောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အား ဆိုလေ၏။

23. တဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 6