ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 5:21-35 Judson Bible (BJB)

21. ယေရှုသည် ကမ်းတဘက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။

22. ထိုအခါ ယာဣရုအမည်ရှိသော တရားစရပ်မှူးသည်လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။

23. သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။

24. ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။

25. ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊

26. များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတယောက်သည်၊

27. ယေရှု၏သိတင်းတော်ကို ကြားသည်ရှိသော်၊

28. ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍အဝတ်တော်ကို တို့လေ၏။

29. ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခန်းချောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။

30. ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့် ၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။

31. တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကိုမြင်လျက်ပင်၊ ငါ့ကို အဘယ်သူ တို့သနည်းဟုမေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊

32. ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှါ၊ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။

33. ထိုမိန်းမသည် ကိုယ်၌အဘယ်သို့ဖြစ်သည်ကိုသိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပြပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန်ကြားလျှောက်လေ၏။

34. ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။

35. ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှလူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ရှက်သေးသနည်းဟု ဆိုကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 5