7. အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။
8. အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးကြ၏။
9. ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
10. ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထိုဥပမာကို မေးမြန်းကြလျှင်၊
11. ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။
12. ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားသဖြင့်၊ သူတို့အကျင့်မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့် ဟောရ၏။
13. သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း။
14. မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ၏။
15. တရားစကားကို လမ်း၌ကြဲခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြားသည်ရှိသော်၊ စာတန်သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲသော တရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။
16. ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့်ချက်ခြင်းခံယူသော်လည်း၊
17. စိတ်နှလုံး၌ အမြစ်မစွဲခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။
18. ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍၊
19. လောကီအမှု၌စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။
20. ကောင်းသောမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။
21. ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါ ယူခဲ့သလော။