ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 14:24-39 Judson Bible (BJB)

24. ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသော ငါ၏အသွေးဖြစ်၏။

25. ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မှီ နေ့တိုင် အောင် ယခုမှစ၍ တဖန်ငါမသောက်ရဟု မိန့်တော်မူ၏။

26. ထိုနောက်သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။

27. ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။

28. သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊

29. ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါဟု လျှောက်လေ၏။

30. ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊

31. ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။

32. ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤ အရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊

33. ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။

34. ထိုအခါ ငါသည်သေလောက်အောင်စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊

35. ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပြပ်ဝပ်၍ အိုအဘခမည်းတော်၊

36. ကိုယ်တော်သည် အလုံးစုံတို့ကိုတတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီ သည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊

37. ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တနာရီခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော။

38. စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်းဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအားမိန့်တော်မူပြီးမှ၊

39. တဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 14