ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 10:16-34 Judson Bible (BJB)

16. သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းကြီးပေးတော်မူ၏။

17. လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု မေးလျှောက်သော်၊

18. ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။

19. သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာ ပြုလော့ဟု မိန့်တော်မူလျှင်၊

20. အရင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊

21. ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည်အခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။

22. ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့်သွားလေ၏။

23. ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။

24. တပည့်တော်တို့သည် ထိုစကားကိုကြားလျှင်၊ မိန်မောတွေဝေခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါသားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့အလွန်ဝင်ခဲလှ၏။

25. ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။

26. ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။

27. ယေရှုကလည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း၊ ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။

28. ထိုအခါ၊ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊

29. ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၏။

30. ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရလတံ့။

31. နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျကြသောသူအများတို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။

32. ယေရှုရုရှလင်မြို့သို့ တက်သွားကြရာ၊ လမ်းမှာ ယေရှုသည်တပည့်တော်တို့ရှေ့၌ ကြွတော်မူစဉ်၊ သူတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးတို့ကို တဖန်ခေါ်၍၊ ငါတို့သည်ယေရှုရှလင်မြို့သို့ ယခုသွားကြ၏။

33. လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင်၍ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။

34. သူတို့သည်လည်း လူသားအားပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြော်ကသောနေ့၌ထမြောက်လိမ့်မည်ဟူ၍ မိမိကိုယ်၌ရောက်လတံ့သော အမှုအရာတို့ကို တပည့်တော်တို့အား မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 10