4. ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့် ၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။
5. ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရမင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။
6. ထိုသို့ဆိုသော် ဘုရားသခင်၏ ဂတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသေရလလူမှန် မဟုတ်။
7. ထိုနည်းတူအာဗြဟုံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန်မဟုတ်။ ဣဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။
8. ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန်မဟုတ်။ ဂတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။
9. ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလ အချိန်စေ့သောအခါ၊ ငါလာ၍စာရာသည် သားကို ရလိမ့်မည်ဟု လာသတည်း။
10. ထိုမျှမက၊ ရေဗက္ကသည် ငါတို့ အဘဣဇာက်နှင့် စုံဘက်၍ ပဋိသန္ဓေစွဲယူသောအခါ၊
11. ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသော သူ၏အလိုတော်အားဖြင့်တည်မည်အကြောင်း၊ သားမဘွားမှီ၊ ထိုသားတို့သည် ကောင်းသော အကျင့်၊ မကောင်းသောအကျင့်ကိုမကျင့်မှီ၊
12. သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။
13. ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကို မုန်း၏ဟု ကျမ်းစာလာသတည်း။