အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 4 Judson Bible (BJB)

1. ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။

2. အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။

3. ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။

4. အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့်အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သော အားဖြင့်ခံရ၏။

5. အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။

6. ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ၏မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား၊

7. အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏။

8. ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။

9. အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ်အရေဖျားလှီးခြင်းကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။

10. ထိုသို့ဆိုသော်အဘယ်သို့ မှတ်သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှမှတ်သလော။ မခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မဟုတ်။ မခံမှီမှတ်သတည်း။

11. အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်းရှိစေခြင်းငှါ၊

12. ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီရှိသောယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမှီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျား လှီးခြင်း၏ လက္ခဏာကို ခံရသတည်း။

13. ထိုမှတပါး၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှစသောသူ၏ အမျိုးအနွယ်တို့သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။

14. အကြောင်းမူကား၊ ပညတ်တရားနှင့်ဆိုင်သော သူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်းတရားကိုပယ်ပြီ။ ဂတိတော်လည်း အချည်းနှီးဖြစ်၏။

15. ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။

16. ထိုကြောင့်၊ ဂတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ယုံကြည်ခြင်း တရားနှင့်ဆိုင်သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။

17. ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌ လာသည်နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏ အဘဖြစ်သတည်း။

18. သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာအကြောင်းမရှိဘဲလျက်ယုံကြည်၍ မြော်လင့်လေ၏။

19. ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည်အသေကဲ့သို့ ရှိကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ၏ ဝမ်းသည် သေကြောင်းကို၎င်း မအောက်မေ့၊

20. ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ဂတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊

21. ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။

22. ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။

23. ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုး အလိုငှါသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။

24. ငါတို့အကျိုးအလိုငှါရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှထမြောက်စေတော်မူသော သူကိုငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့။

25. ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။