27. ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသောသူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ၏။
28. အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်ကလည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။
29. ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော် မူလျှင်၊
30. သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။
31. သို့သော်လည်း ထိုသူတို့သည် သွား၍ သိတင်းတော်ကို တပြည်လုံး၌ နှံ့ပြားကျော်စောစေ၏။
32. ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသော လူအ တယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
33. နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော၏။ လူအစုအဝေးတို့သည်လည်း အံ့ဩ၍၊ ဣသရေလအမျိုး၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ၏။
34. ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ၏။
35. ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့် လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။
36. အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။
37. ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။
38. ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။