ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 9:1-13 Judson Bible (BJB)

1. ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။

2. လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။

3. ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။

4. ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသောစိတ် ရှိကြသနည်း။

5. အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။

6. လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။

7. ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။

8. လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။

9. ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။

10. ထိုနောက်မှ အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။

11. ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား၊ သင်တို့ဆရာသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့် အတူ အဘယ်ကြောင့် စားသနည်းဟုဆိုကြ၏။

12. ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။

13. ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ၊ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ၊ ငါလာသတည်းဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 9