ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 8:4-24 Judson Bible (BJB)

4. ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ၏။

5. ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတယောက်သည် အထံတော်သို့လာ၍၊

6. သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။

7. ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊

8. တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော်တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။

9. ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။

10. ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။

11. ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊

12. နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊

13. တပ်မှူးအားသင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။

14. ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေသည်ကို တွေ့မြင်တော်မူ၏။

15. ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။

16. ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။

17. ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။

18. များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်း တဘက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။

19. ထိုအခါ ကျမ်းပြုဆရာတယောက်သည်လာ၍ အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။

20. ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။

21. အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။

22. ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။

23. ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။

24. ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 8