ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 6:9-28 Judson Bible (BJB)

9. ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။

10. နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။

11. အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။

12. သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။

13. အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့။

14. သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။

15. သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။

16. သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။

17. ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။

18. သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာမထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ်လော့။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။

19. သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။

20. သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့။

21. အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက် တတ်၏။

22. မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။

23. မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား။

24. အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။

25. ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။

26. မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။

27. အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။

28. အဝတ်အဘို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 6