ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 6:3-22 Judson Bible (BJB)

3. သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။

4. မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။

5. သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။

6. သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။

7. သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။

8. ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။

9. ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။

10. နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။

11. အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။

12. သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။

13. အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့။

14. သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။

15. သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။

16. သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။

17. ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။

18. သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာမထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ်လော့။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။

19. သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။

20. သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့။

21. အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက် တတ်၏။

22. မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 6