ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 6:1-16 Judson Bible (BJB)

1. လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။

2. ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။

3. သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။

4. မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။

5. သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။

6. သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။

7. သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။

8. ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။

9. ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။

10. နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။

11. အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။

12. သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။

13. အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့။

14. သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။

15. သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။

16. သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 6