ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 5:8-22 Judson Bible (BJB)

8. စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။

9. သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။

10. ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။

11. ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။

12. ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။

13. သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။

14. သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။

15. ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။

16. ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။

17. ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။

18. ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။

19. ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အားလည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏။

20. ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။

21. လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ် စကားကို သင်တို့ကြားရပြီ။

22. ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 5