ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 5:20-36 Judson Bible (BJB)

20. ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။

21. လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ် စကားကို သင်တို့ကြားရပြီ။

22. ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။

23. ထိုကြောင့် သင်သည်ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။

24. ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။

25. တရားတွေ့ဘက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။

26. လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။

27. သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။

28. ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။

29. ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။

30. ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ၍ကောင်း၏။

31. တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။

32. ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။

33. တဖန်တုံ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကိုမပြုရ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။

34. ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။

35. မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာ ခုံဖြစ်သတည်း။ ယေရှုရှလင်မြို့ကို တိုင်တည်၍မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။

36. ဆံခြည်တပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှါမတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 5