ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 27:17-34 Judson Bible (BJB)

17. လူများ စည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကိုလွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေးလေ၏။

18. အဘယ်ကြောင့် ဤသို့ မေးသနည်းဟုမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကို အပ်နှံကြောင်းကို ပိလတ်မင်းသိ၏။

19. ထိုမှတပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တယောက်ကို စေလွှတ်၍၊ ထို ဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီဟု မှာလိုက်၏။

20. လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူ အကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။

21. ထို့ကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။

22. ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟု ခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။

23. မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟုမေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ဟစ်ကြ၏။

24. ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများ ရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သော သူ၏အသွေးနှင့်ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။

25. ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း တည်ရှိပါစေဟု ပြန်ပြောကြ၏။

26. ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။

27. ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ဆောင်သွား၍ စစ်သူရဲတတပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊

28. အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။

29. ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်းတော်၌တင်ကြ၏။ ကျူတလုံးကိုလည်း လက်ျာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။

30. ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။

31. ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ မင်းဝတ်လုံကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။

32. သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတယောက်ကိုတွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။

33. ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို့ ရောက်ကြသော်၊

34. ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှါပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 27