11. အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။
12. နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းကိုအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ ပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။
13. ထိုသူတို့ သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ၏။
14. ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ညဉ့်အချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ ထွက်သွား၍၊
15. ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား၊ ငါ့သား ကို အဲဂုတ္တုပြည်မှငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။
16. ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကို စေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော ကြယ်၏အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှ စသောကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကို သတ်စေ၏။
17. ပရောဖက်ယေရမိဟောဘူးသည်ကား၊
18. ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး မြည်တမ်းခြင်းအသံကိုကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့်ငို၍ စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျသတည်း။
19. ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက်၊ ယောသပ်သည် အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊
20. သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွားလော့။ သူငယ်တော်ကိုသတ်အံ့သောငှါ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ၏။
21. ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွား၍ ရောက်သည်ရှိသော်၊
22. ဟေရုဒ်မင်းကြီး၏ အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊