ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 15:12-30 Judson Bible (BJB)

12. တပည့်တော်တို့သည်ချဉ်းကပ်၍၊ ယခုမိန့်တော်မူသောစကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟုလျှောက်ကြ၏။

13. ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်စိုက်တော်မမူသော အပင်ရှိ သမျှတို့ကို နှုတ်ရလိမ့်မည်။

14. ထိုသူတို့ကိုရှိပါလေစေ။ သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။

15. ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟုလျှောက်လျှင်၊

16. ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက်နေသေးသလော။

17. ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကိုနားမလည်ကြသေးသလော။

18. ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်၏။

19. မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊

20. လူကို ညစ်ညူးစေသောအရာဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူးစေသည်မဟုတ်ဟု မိန့်တော်မူ၏။

21. ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူလျှင်၊

22. ခါနာန်အမျိုးဖြစ်သောမိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။

23. တပည့်တော်တို့သည်ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။

24. ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။

25. ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊

26. ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။

27. မိန်းမကလည်းမှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊

28. အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။

29. ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။

30. များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြား သော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ချထားကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 15