1. ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏သိတင်းတော်ကိုကြားလျှင်၊
2. ဤသူကား ဗတ္တိဇံဆရာယောဟန်ဖြစ်သည်။ သေခြင်းမှထမြောက်လေပြီ။ ထို့ကြောင့် တန်ခိုးများကို ပြ နိုင်သည်ဟု မိမိငယ်သားတို့အားဆို၏။
3. အထက်က ဟေရုဒ်သည်မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကိုဘမ်းဆီး ချည်နှောင်၍ ထောင်ထဲမှာလှောင်ထား၏။
4. အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကိုမသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။
5. ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကိုထောက်၍ မသတ်ဝံ့ဘဲနေ ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖတ်ကဲ့သို့ထင်မှတ်ကြသတည်း။
6. ထိုနောက်မှ ဟေရုဒ်ကိုဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ က သဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊
7. ငါသည် သင်တောင်းသမျှကို ပေးမည်ဟု ကျိန်ဆိုလေ၏။
8. ထိုမိန်းမငယ်သည် သူ၏အမိတိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤ လင်ပန်း၌ ပေးတော်မူပါဟု တောင်းလျှောက်၏။
9. မင်းကြီးသည် ဝမ်းနည်းသော်လည်းကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဘော်တို့၏မျက်နှာကို၎င်း ထောက် သောကြောင့် ပေးစေဟုအမိန့်တော်ရှိလျက်၊
10. လူကို စေလွှတ်၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာဖြတ်စေ၏။
11. ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ယူသွား၏။
12. ယောဟန်၏တပည့်တို့သည်လည်းလာ၍ အလောင်းကိုဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော် သို့သွား၍ ကြားလျှောက်ကြ၏။
13. ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍လှေကိုစီးလျက် တော၌ဆိတ်ကွယ်ရာအရပ်သို့ ကြွ တော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ ကုန်းကြောင်းလိုက်ကြ၏။
14. ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိ သမျှတို့ကို ချမ်းသာပေးတော်မူ၏။
15. ညဦးယံ၌ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်းချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊
16. ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။