ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 11:1-17 Judson Bible (BJB)

1. ထိုသို့ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို အကုန်အစင်မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှါ၎င်း၊ သိတင်းကြားပြောခြင်းငှါ၎င်း၊ ထိုအရပ်မှ ကြွတော်မူ၏။

2. ခရစ်တော်ပြုတော်မူသောအမှုတို့ကို ယောဟန်သည်ထောင်ထဲမှာကြားသောအခါ၊ မိမိတပည့်နှစ် ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော။

3. သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။

4. ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြလော့။

5. မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာ စွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူ တို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရကြ၏။

6. ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။

7. ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။

8. သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါသွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။

9. ပရောဖက်ကို ကြည့်ရှုခြင်းငှါသွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။

10. ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါ စေလွှတ်၏ဟု ဆိုရာ၌ ထိုသူကိုဆိုလိုသတည်း။

11. ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောသူ တ ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ ကြီးမြတ်၏။

12. ဗတ္တိဇံ၊ ဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။

13. ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ၏။

14. သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကား လာလတံ့သော ဧလိယဖြစ်သတည်း။

15. ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။

16. ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း။ ပွဲသဘင်၌ထိုင်နေသော သူငယ်တို့သည် မိမိသူငယ်ချင်း တို့အား အသံကိုလွှင့်၍၊

17. ငါတို့သည်သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည်မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 11