ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 3:1-11 Judson Bible (BJB)

1. သာဒိမြို့၌ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံး ရှိသောသူ၏အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကို ငါသိ၏။

2. မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင်ရှေ့၌မစုံ မလင်ရှိသည်ကိုငါတွေ့ပြီ။

3. ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။

4. သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသော သူနည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူ ဝတ်လျက် ငါနှင့်အတူသွားလာကြလိမ့်မည်။ အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။

5. ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့၌၎င်း သူ၏နာမကို ငါဝန်ခံမည်။

6. ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။

7. ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကို ကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား။

8. သင်၏အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ် နိုင်သောတံခါး ကို သင့်ရှေ့၌ငါဖွင့်ထားပြီ၊ အကြောင်းမူကား၊ သင်သည်အနည်း ငယ်သောခွန်အားရှိသည်နှင့်၊ ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။

9. ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ် ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသာစကားကိုပြောသောသူတည်းဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ပြပ်ဝပ်စေခြင်းငှါ၎င်း၊ ငါသည်သင့်ကို ချစ်သည်ဟု သိစေရခြင်းငှါ၎င်း ငါပြုမည်။

10. သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ်တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီးအပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။

11. ငါသည်အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 3