ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 2:7-20 Judson Bible (BJB)

7. ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသောအသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။

8. စမုရနမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူတည်းဟူသော၊ အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏ အမိန့်တော်ကား၊

9. သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကိုငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်း ရှိ၏။ ယုဒလူဖြစ်ယောင် ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။

10. သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။

11. ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။

12. ပေရဂံမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ထက်သောသန်လျက်ရှိသော သူ၏ အမိန့်တော်ကား၊

13. သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသောသင်၏နေရာအရပ်ကို၎င်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသောနေ့ရက်ကာလတွင်ပင်၊ သင်သည်ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်း တရားကို မစွန့်မပယ်။

14. သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ ၎င်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း ၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကိုအကြံပေးသောသူတည်းဟူသော ဗာလမ်၏ အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍၊ သင်၌အနည်းငယ်သောအပြစ်တင်စရာရှိ၏။

15. ထိုအယူနှင့်သဘောတူသော နိကောလတပည့်တို့၏ အယူကို စွဲလမ်းသော သူတို့သည် ထိုနည်းတူ သင်၌ရှိကြ၏။

16. ထိုကြောင့်နောင်တရလော့။ မရလျှင်သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။

17. ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသောမန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သောနာမသစ်ကို၎င်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကိုရသော သူမှတပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။

18. သွာတိရမြို့၌ ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်၎င်း ၊ ကြေးဝါစစ်နှင့်တူသောခြေနှင့်၎င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊

19. သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကို၎င်း နောက်ကျင့် သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ၍ များကြောင်းကို၎င်း ငါသိ၏။

20. သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာ ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 2