ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 1:6-16 Judson Bible (BJB)

6. မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။

7. ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။

8. ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။

9. ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက၊ သင်တို့အစ်ကို ငါ ယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင်၊

10. သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက်၌ မြည်သောအသံကြီးကို ကြား၏။

11. မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သောအရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက်လော့ဟုဆိုသတည်း။

12. ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနှစ် လုံးကို၎င်း ၊

13. ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦး ကို၎င်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။

14. ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။

15. ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။

16. လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်းတောက်သောနေကဲ့သို့ဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 1