ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 5:15-33 Judson Bible (BJB)

15. ပေတရုသည် လမ်း၌ရှောက်သွားစဉ်၊ အနာစွဲ သောသူတို့တွင် တယောက်ယောက်ကို သူ၏အရိပ် လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကိုလမ်းနား သို့ထုတ်၍ ခုတင်မွေ့ရာပေါ်မှာထားကြ၏။

16. ပတ်လည်ဝန်းကျင်၌ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ရောက်ကြ၏။

17. ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ်သော ထိုမင်း၏ အပေါင်းအဘော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့်၊

18. တမန်တော်တို့ကိုဘမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားကြ၏။

19. ညဉ့်အခါထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကိုဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနှုတ်ဆက်၍၊ သင်တို့သွားကြလော့။

20. ဗိမာန်တော်၌ ရပ်၍ အသက်ရှင်ခြင်း တရားစကားအလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစော ဗိမာန်တော်သို့ဝင်၍ ဆုံးမဩဝါဒပေးကြ၏။

21. ယဇ်ပုရောဟိတ်မင်းနှင့်သူ၏ အပေါင်းအဘော်တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍ ဣသရေလူတို့တွင် အသက်ကြီးသော သူအပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှါ လုလင်တို့ကို ထောင်သို့ စေလွှတ်ကြ၏။

22. မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန် ကြ၍၊

23. ထောင်တံခါးလည်းအထူးသဖြင့် လုံခြုံစွာ ပိတ်လျက်၊ ထောင်ကို စောင့်သောသူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ပါ၏။ ဖွင့်ပြီးမှအထဲ၌အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက်ကြ၏။

24. ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသောယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင်၊ ထိုအမှုသည် အဘယ်သို့ သောအမှုဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။

25. ထိုအခါလူတယောက်သည်လာ၍ ထောင်ထဲမှာ လှောင်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံးမဩဝါဒ ပေးကြပါသည်ဟု လျှောက်လေ၏။

26. ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင်အတူ သွားပြန်လျှင်၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲ နှင့်ပစ်မည်ကိုစိုးရိမ်သော ကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။

27. ထိုသို့ခေါ်ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊

28. ထိုနာမကို အမှီပြု၍မဆုံးမ မသွန်သင်မည်အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာ စီရင်မှာထားသည်မဟုတ်လော။ ယခု ကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့် ပြည့်စသည်ဖြစ်၍၊ ငါတို့ အပေါ်သို့ ထိုသူ၏အသွေးကိုရောက်စေခြင်းငှါ သင်တို့ ကြံစည်ပါသည် တကားဟုမေးမြန်းပြောဆိုကြ၏။

29. ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။

30. သင်တို့သည် သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သော ယေရှုကို ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။

31. ဣသရေလ လူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်း အခွင့်ကိုပေးစေခြင်းငှါ၊ ထိုသူကို အစိုးရသော အရှင်အရာ၌၎င်း၊ ကယ်တင်သော သခင် အရာ၌၎င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာ လက်တော်နှင့် ချီးမြှင့်တော်မူပြီ။

32. ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။

33. ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ အချင်းချင်းတိုင်ပင်ပြောဆိုကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 5