1. သို့ရာတွင် အာနနိနှင့်ရှိဖိရေ အမည်ရှိသောလင်မယား နှစ်ယောက်တို့မူကား၊ ဥစ္စာတစုံတခုကို ရောင်းပြီးလျှင်၊
2. ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဘိုးတဘို့ကို ထိမ်ဝှက်သဖြင့်၊ တဘို့ကိုသာယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။
3. ပေတရုကလည်း၊ အာနနိ၊ သင်သည်သန့်ရှင်းသော ဝိညာဉ်တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဘိုး၏တဘို့ကိုထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။
4. ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာ မုသာပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို၏။
5. ထိုစကားကိုကြားလျှင်၊ အာနနိသည်လဲ၍ သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ရောက်ကြ၏။
6. လုလင်တို့သည်လည်းထ၍ အလောင်းကောင်ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။
7. ထိုနောက်သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ၏။
8. ပေတရုကလည်း၊ ဤမျှလောက်နှင့်မြေကိုရောင်းသလော၊ ငါ့အားပြောလောဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို၏။