ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 26:19-31 Judson Bible (BJB)

19. အိုအဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။

20. လူတို့သည် နောင်တရရမည်။ နောင်တရခြင်း နှင့်ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသောသူတို့အား၎င်း၊ တပါးအမျိုးသား၊ တို့အား၎င်း၊ ဟောပြောပါ၏။

21. ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဘမ်းဆီး၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ၏။

22. သို့ရာတွင်ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊

23. ယခုတိုင်အောင်ရှိနေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေခြင်းမှ အဦးဆုံး ထမြောက်၍ ယုဒအမျိုးသား၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍၎င်း၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍ နေပါသည်ဟု လျှောက်လေ၏။

24. ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟုကြီးသော အသံနှင့်ဆို၏။

25. ပေါလုကလည်း၊ မြတ်တော်မူသောဖေတ္တမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သော စကားကို ပြောပါ၏။

26. ဤအရာများကိုအဂြိပ္ပမင်းကြီး သိတော်မူ၏။ ထိုမင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤအမူအရာ တစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင်ပါ၏။ အကြောင်းမူကား၊ ဤအမှုသည် ဆိတ်ကွယ်ရာအရပ်၌ ပြုသောအမှု မဟုတ်ပါ။

27. အိုအဂြိပ္ပမင်းကြီး၊ ကိုယ်တော်သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်၏။

28. အဂြိပ္ပမင်းကလည်း၊ သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့်၊ ငါသည်ခရစ်ယာန်ဖြစ်လှပြီဟု ပေါလုအား ပြောဆိုလျှင်၊

29. ပေါလုက၊ ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအပေါင်းတို့သည်၊ ဤသံကြိုးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လုသည် သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ၏။

30. ထိုအခါမင်းကြီးနှင့်ဗေရနိတ်သည် ထ၍ မြို့ဝန် မင်းမှစသော အပေါင်းအဘော်များတို့နှင့်တကွ၊

31. အခြားသို့သွားပြီလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်းခံထိုက်သောအမှုကို မပြုဟု အချင်းချင်းပြောဆိုကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 26