ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 26:15-24 Judson Bible (BJB)

15. သခင်ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ် မေးလျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။

16. သို့သော်လည်း၊ ထ၍မတ်တတ်နေလော့။

17. ငါသည်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့ လက်မှ သင့်ကိုကယ်လွှတ်၍၊

18. သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတံ့သောအကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အား ထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကို ယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကိုဖွင့်စေ ခြင်းငှါသူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။

19. အိုအဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။

20. လူတို့သည် နောင်တရရမည်။ နောင်တရခြင်း နှင့်ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသောသူတို့အား၎င်း၊ တပါးအမျိုးသား၊ တို့အား၎င်း၊ ဟောပြောပါ၏။

21. ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဘမ်းဆီး၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ၏။

22. သို့ရာတွင်ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊

23. ယခုတိုင်အောင်ရှိနေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေခြင်းမှ အဦးဆုံး ထမြောက်၍ ယုဒအမျိုးသား၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍၎င်း၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍ နေပါသည်ဟု လျှောက်လေ၏။

24. ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟုကြီးသော အသံနှင့်ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 26