ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 24:1-12 Judson Bible (BJB)

1. ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ၍၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။

2. ပေါလုကိုခေါ်ပြီးမှ၊ တေရတုလုသည် အပြစ်တင်သော စကားကိုလျှောက်ဆိုသည်မှာ၊ မြတ်တော်မူသောဖေလဇ်မင်း၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန်ငြိမ်သက်စွာ နေရသဖြင့်၊ ကိုယ်တော် ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါသည်ဖြစ်၍၊

3. အရပ်ရပ်တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ်ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ၏။

4. အကျွန်ုပ်သည် ကိုယ်တော်ကိုကြာမြင့်စွာ နှောင့်ရှက်ခြင်းအပြစ်နှင့်လွတ်ခြင်းငှါ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညှင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။

5. နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။

6. သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှါပြုပါပြီ။ အကျွန်ုပ်တို့သည် သူ့ကိုဘမ်းဆီး၍၊ အကျွန်ုပ်တို့ တရားအတိုင်းစီရင်ခြင်းငှါ အလိုရှိကြသည်တွင်၊

7. စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊

8. အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အကျွန်ုပ်တို့အပြစ်တင်သောအကြောင်းအရာများကို သေချာစွာ သိနိုင်တော်မူမည်ဟု လျှောက်ထား၏။

9. ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ၏။

10. မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ် သိ၍၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ၏။

11. အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့သို့ တက်သွား၍၊ ယခုတဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။

12. ဗိမာန်တော်၌ တစုံတယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားစရပ်တို့၌၎င်း၊ မြို့ထဲ၌၎င်း၊ လူများကို မငြိမ်မသက် စေခြင်းငှါ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 24