ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 23:10-21 Judson Bible (BJB)

10. အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကိုအရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။

11. နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။

12. မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။

13. ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ၏။

14. ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ ထံသို့သွား၍၊ အကျွန်ုပ်တို့သည် ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။

15. ထိုကြောင့်၊ နက်ဖြန့်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြောမည်အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။

16. ထိုသို့လမ်းနား၌ ချောင်း၍နေကြသည်အမှုကို ပေါလု၏ တူသည်ကြားလျှင်၊ ရဲတိုက်ထဲသို့ဝင်၍ ပေါလု အားကြားပြောလေ၏။

17. ပေါလုသည်တပ်မှူးတယောက်ကို ခေါ်၍၊ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ။ လျှောက်စရာတစုံတခု ရှိသည်ဟုဆိုသော်၊

18. တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင်၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ်၍၊ ကိုယ်တော်အားလျှောက်စရာ တစုံတခုကရှိသော ဤလုလင်ကိုကိုယ်တော်ထံသို့ ပို့စေခြင်းငှါ တောင်းပန်ပါသည်ဟုလျှောက်၏။

19. စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင်၊ သင်သည်အဘယ် အကြောင်း ကို ငါ့အားလျှောက်ချင်သနည်းဟု မေးမြန်းလေ၏။

20. လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန်နေ့၌ ပေါလုကို လွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ၊ ယုဒလူတို့ သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည်အဟန်ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင် ညှိညွှတ်ကြပါပြီ။

21. သို့ရာတွင်သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟုလျှောက်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 23