ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 22:20-30 Judson Bible (BJB)

20. ကိုယ်တော်၏ သက်သေခံဖြစ်သော သတေဖန်၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား၌ နေလျက်၊ ကွပ်မျက်ခြင်းအမှုကို ဝန်ခံ၍၊ ကွပ်မျက်သော သူတို့၏ အဝတ်ကိုစောင့်နေပါ၏ဟု၊

21. လျှောက်ဆိုလျှင်၊ သခင်ဘုရားက၊ သွားလော့။ ငါသည်တပါး အမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာ လွှတ်မည်ဟုအကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလု မြွက်ဆို၏။

22. ထိုမျှတိုင်အောင် ပေါလု၏ စကားကို နားထောင်ပြီးလျှင်၊ ထိုသူတို့သည်အော်ဟစ်၍၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက်မရှင်သင့်ဟု ဆိုကြ၏။

23. ထိုသို့အော်ဟစ်ခြင်း၊ ကိုယ်အဝတ်ကိုချွတ်ခြင်း၊ မြေမှုန့်ကို မိုဃ်းကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြစဉ်တွင်၊

24. ပေါလုကိုအဘယ်ကြောင့် ထိုသို့အော်ဟစ်ကြသည်ကိုစစ်သူကြီးသည် သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့ သွင်းစေ။ ရိုက်၍ စစ်ကြောစေဟုစီရင်လေ၏။

25. သားရေကြိုးနှင့်ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလောဟု နား၌ရပ်နေသော တပ်မှူးအား ဆို၏။

26. တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက်၏။

27. စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည်ရောမလူမှန်သလော၊ ငါ့အား ပြောလော့ဟုဆိုလျှင် မှန်ပါသည်ဟု ပေါလုဆို၏။

28. စစ်သူကြီးကလည်း၊ အကျွန်ုပ်သည်ငွေအများကို ပေး၍ ရောမလူ၏ အရိပ်အရာကိုရသည်ဟုဆိုလျှင်၊ ပေါလုက၊ အကျွန်ုပ်သည် ဇာတိအားဖြင့် ရပါသည်ဟု ဆို၏။

29. ထိုအခါစစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှချက်ခြင်း သွား၍၊ သူသည်ရောမလူ ဖြစ်သည်ကို၎င်း၊ ရောမလူကိုချည်နှောင်မိသည်ကို၎င်း၊ စစ်သူကြီးသိလျှင် ကြောက်ခြင်းသို့ရောက်လေ၏။

30. နက်ဖြန်နေ့တွင်အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန်သိလိုသောကြောင့်၊ ပေါလု၌ ချည်နှောင်သောသံကြိုးကို ချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိ အပေါင်းတို့ကို စည်းဝေးစေခြင်းငှါစီရင်ပြီးလျှင်၊ ပေါလုကိုခေါ်၍ သူတို့ရှေ့၌ထားလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 22