36. ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကိုဘုရားသခင်သည် ခရစ်တော်၌၎င်း၊ အစိုးရသောအရှင်အရာ၌၎င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။
37. ထိုသိုတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။
38. ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။
39. အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီးတို့နှင့်၎င်း၊ ဝေးသော သူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။
40. ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။
41. ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။
42. ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။
43. လူအပေါင်းတို့သည်ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ၏။
44. ယုံကြည်သော သူအပေါင်းတို့သည် တစုတဝေးတည်းနေကြသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။
45. မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင်၊ လူများ ဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေဌခြင်းကို ပြုကြ၏။