ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 2:20-33 Judson Bible (BJB)

20. ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။

21. ထိုအခါထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတံ့ဟု ဘုရားဗျာဒိတ်တော်ရှိ၏။

22. ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ သိကြသည့်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ်၍၊

23. ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်၎င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသော သူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။

24. ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍ထမြောက်စေတော်မူပြီ။

25. ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။

26. ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။

27. အကြောင်းမူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။

28. မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူလိမ့်မည် ဟုဒါဝိဒ်ဆိုသတည်း။

29. ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။

30. ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာတင်တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ၍၊

31. ခရစ်တော်၏ထမြောက်ခြင်းအကြောင်းကိုရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။

32. ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။

33. ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ဂတိတော်နှင့် ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွန်းလောင်းတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 2