1. ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား၍ ကောရိန္တုမြို့သို့ရောက်လေ၏။
2. ထိုအခါယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိ သည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွမကြာမမြင့်မှီ ရောက်လာသည်ကို ပေါလုတွေ့လျှင်သူတို့ဆီသို့ဝင်၍၊
3. အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ်သော အချုပ်သမားဖြစ်ကြ၏။
4. ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွေး ဟောပြော၍၊ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။
5. သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။
6. ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည် ရှိသော်၊ ပေါလု သည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင်၊
7. ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ်သော ယုတ္တု အမည်ရှိသောသူ၏ အိမ်သို့သွား၏။ ထိုအိမ်သည် တရားစရပ်နှင့် စပ်လျက်ရှိသတည်း။
8. ကရိပ္ပုအမည်ရှိသောတရားစရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္တုပြည်သားအများတို့သည်လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။
9. ညဉ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာဒိတ်ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ်စွာမနေနှင့်။ ဟောပြောလော့။
10. ငါသည်သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်းငှါ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ငါ၏ လူအများရှိကြသည်ဟု မိန့်တော်မူ၏။
11. ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင်၍ တနှစ်နှင့်ခြောက်လ ပတ်လုံးနေလေ၏။
12. အခါယပြည်ကို ဂါလျန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက် ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊
13. လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ်စေခြင်းငှါ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ၏။
14. ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်း ယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိ သည်အတိုင်းသည်းခံရမည်။
15. သို့မဟုတ် စကားသော်၎င်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်၎င်း၊ သင်တို့၏ဘာသာတရားသော်၎င်း၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှါ ငါအလိုမရှိ ဟုဆိုလျက်၊