ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 17:22-34 Judson Bible (BJB)

22. ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်း အာသင်လူတို့၊ သင်တို့သည် ခပ်သိမ်းသောအရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။

23. လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှု သည်တွင်၊ ငါတို့မသိသောဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။

24. လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။

25. ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့် တကွထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။

26. ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ ကိုတသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အားခွဲဝေစီမံသောအချိန် ကာလကို၎င်း၊ သူတို့၏ နေရာအပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏။

27. အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည်အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။

28. ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသတည်း။

29. ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ်သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။

30. ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။

31. အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြှောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။

32. သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည်ဟု ဆိုကြ၏။

33. ထိုသို့ဆိုကြသောအခါ ပေါလုသည် ထိုသူတို့ အထဲမှ ထွက်သွားလေ၏။

34. လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုသူတို့အဝင် ဒယောနုသိ အမည်ရှိသော အာရေတောင် မင်းတယောက်၊ ဒမောရိ အမည်ရှိသော မိန်းမတယောက်မှစ၍ အခြားသောသူရှိကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 17