ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 13:35-47 Judson Bible (BJB)

35. ထိုကြောင့်ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော်၏ သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟု လာ၏။

36. ဒါဝိဒ်သည်မိမိကာလ၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေး စုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်းသို့ ရောက်လေ၏။

37. ဘုရားသခင်ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။

38. ထိုကြောင့်ညီအစ်တို့ကို၊ ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို၎င်း၊

39. ထိုသခင်ကိုယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှ တို့နှင့် လွတ်ရကြသည်ကို၎င်း သိမှတ် ကြလော့။

40. အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။

41. အကြောင်းမူကား၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကိုသင်တို့လက်ထက်ကာလ၌ ငါပြုသည်ကျမ်းစာ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြုကြလော့ဟု ပေါလုဟောပြောလေ၏။

42. လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။

43. အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။

44. နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ၏။

45. ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ်နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။

46. ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။

47. မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင်ကိုတပါး အမျိုးသားလင်းစရာဘို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 13