ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 13:12-31 Judson Bible (BJB)

12. ထိုအကြောင်းအရာကိုမြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာတော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။

13. ပေါလုနှင့်ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန်သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ပြန်လေ၏။

14. ပေရဂမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားစရပ်သို့ဝင်၍ထိုင်ကြ၏။

15. ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကိုဘတ်ရွတ်ပြီးမှ၊ တရားစရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။

16. ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင် ကြလော့။

17. ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့်ထိုပြည်မှ နှုတ်ဆောင် တော်မူ၏။

18. အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။

19. ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလ အမျိုးအမွေ ပေးကမ်းဝေငှတော်မူ၏။

20. ထိုနောက်မှပရောဖက်ရှမွေလမပေါ်မရှိမှီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကိုပေးတော်မူ၏။

21. နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသောအခါ ရှောလု အမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ၏။

22. နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူအား သက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည် ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှ၏ သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။

23. ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။

24. ထိုသခင်ကြွလာတော်မမူမှီ ယောဟန်သည် ဣသရေလလူ အပေါင်းတို့အား နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။

25. ယောဟန်သည်မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသောသူတပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို၏။

26. အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ဤ ကယ်တင်တော်မူခြင်းတရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။

27. ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို၎င်း၊ ဥပုသ်နေ့တိုင်းအစဉ် ဘတ်ရွက်သော ပရောဖက်တို့၏ စကားကို၎င်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။

28. ကိုယ်တော်၌သေထိုက်သောအပြစ် တစုံတခုကိုမျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။

29. ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍သခင်္ျိုင်းတွင်း၌ ထားကြ၏။

30. ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူသည်ဖြစ်၍၊

31. ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူတို့အားနေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 13