ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကော​လော​သဲ 1:6-18 Judson Bible (BJB)

6. ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။

7. သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။

8. သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။

9. ထို့ကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်းပဌနာပြုလျက် နေကြ၏။

10. ဆုတောင်းသောအချက် ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဥာဏ်တိုးပွါးခြင်းရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်းခွန်အားနှင့် ပြည့်စုံသဖြင့်၎င်း၊

11. ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။

12. အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။

13. မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။

14. ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။

15. ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။

16. အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။

17. သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။

18. အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကော​လော​သဲ 1