36. ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။-
37. အို ထာဝရဘုရား၊ ကိုယ်တော်ထာဝရအရှင် သည် ဘုရားအမှန်ပင်ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ ဤသူတို့အားအထံတော်သို့ပြန် လည်ခေါ်ယူလျက်နေတော်မူကြောင်းကိုလည်း ကောင်း ဤလူတို့သိစေခြင်းငှာအကျွန်ုပ်အား ဖြေကြားတော်မူပါ။ ဖြေကြားတော်မူပါ'' ဟု ဆုတောင်းလေ၏။
38. ထာဝရဘုရားသည်မီးကိုချပေးတော်မူသဖြင့် ယဇ်ပူဇော်သကာနှင့်တကွထင်းနှင့်ကျောက်တုံးများ ပါကျွမ်းလောင်သွားသည့်အပြင် မြေကြီးသည်လည်း မီးကျွမ်း၍မြောင်းထဲရှိရေကိုခန်းခြောက်စေ၏။-
39. ဤအခြင်းအရာကိုမြင်သောအခါ လူတို့သည် မိမိတို့ကိုယ်ကိုမြေပေါ်တွင်လှဲချကာ``ထာဝရ ဘုရားသည်ဘုရားအမှန်ပင်ဖြစ်ပေသည်။ ထာဝရ ဘုရားတစ်ပါးတည်းသာလျှင်ဘုရားအမှန်ဖြစ် ပါသည်တကား'' ဟုကြွေးကြော်ကြကုန်၏။
40. ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
41. ထို့နောက်ဧလိယသည် အာဟပ်မင်းအား``ယခု သင်သွား၍အစားအစာကိုစားသောက်ပါလော့။ မိုးလာနေသည့်အသံကိုငါကြား၏'' ဟုဆို သဖြင့်၊-
42. အာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
43. မိမိ၏အစေခံအား``သင်သွား၍ပင်လယ်သို့ မျှော်ကြည့်လော့'' ဟုဆို၏။အစေခံသည်သွား၍ကြည့်ရာမှပြန်လာပြီး နောက်``အဘယ်အရာကိုမျှကျွန်တော်မမြင် ပါ'' ဟုပြော၏။ ဧလိယသည်မိမိ၏အစေခံ အား ဤနည်းအတိုင်းခုနစ်ကြိမ်တိုင်တိုင်သွား ၍ကြည့်စေ၏။-
44. သတ္တမအကြိမ်၌အစေခံသည်ယင်းသို့သွား ၍ကြည့်ရာမှပြန်လာကာ``လူ၏လက်သဖွယ် သေးငယ်သောမိုးတိမ်ကိုကျွန်တော်မြင်ပါသည်'' ဟုလျှောက်၏။ဧလိယကမိမိ၏အစေခံအား``သင်သည် အာဟပ်မင်းထံသို့သွားပြီးလျှင်မိုးမဆီး တားမီရထားပေါ်သို့တက်၍ နန်းတော်သို့ ပြန်တော်မူရန်လျှောက်ထားလော့'' ဟုအမိန့် ပေး၏။
45. အချိန်အနည်းငယ်အတွင်း၌ပင်ကောင်းကင် ပြင်တွင် တိမ်မည်းများအုပ်ဆိုင်းလာပြီးလျှင် လေတိုက်လျက်မိုးသည်းထန်စွာရွာသွန်းလေ၏။ အာဟပ်သည်လည်းရထားပေါ်သို့တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွား၏။-
46. ထာဝရဘုရား၏တန်ခိုးတော်သည်ဧလိယ အပေါ်သို့သက်ရောက်သဖြင့် သူသည်မိမိ၏ ဝတ်လုံကိုခါးတွင်စည်း၍ယေဇရေလမြို့ သို့ရောက်သည့်တိုင်အောင်အာဟပ်၏ရှေ့က ပြေးလေ၏။